ဂေါက်ကွင်းမှာ ထရမ့်ကိုလုပ်ကြံဖို့ ကြိုးစားသူကို ဖမ်းမိထား။

 


သမ္မတဟောင်း ဒေါ်နယ်ထရမ့် စက်တင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့နေ့လယ်က အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က သူပိုင် ဂေါက်ကွင်းတစ်ခုမှာ ဂေါက်ရိုက်ကစားနေတုန်း လူတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ဖို့ ကြိုးစားနေတာကို လုံခြုံရေးအရာရှိတွေက တွေ့လို့ တားဆီးလိုက်နိုင်ခဲ့ပါတယ်။ 

မစ္စတာထရမ့် ဂေါက်ရိုက်ရင်း ရောက်လာမယ့် ကျင်းတစ်ခုကျော်မှာ ခြုံပုတ်တစ်ခုထဲက သေနတ်ပြောင်းထွက်နေတာကို အနီးကပ်လုံခြုံရေးအဖွဲ့ (Secret Service) အဖွဲ့ဝင်တစ်ယောက်က တွေ့လို့ အဲဒီလူကို လှမ်းပစ်ခတ်ချိန် သေနတ်သမားက အနက်ရောင်နီဆန်း ကားတစ်စီးပေါ် တက်မောင်းပြေးသွားခဲ့ပါတယ်။ သူ့နောက်ကို ရဲတွေက လိုက်လံပိတ်ဆို့ဖမ်းဆီးမိခဲ့လို့ အခုတော့ ထွက်ပြေးတဲ့ သေနတ်သမားကို မိထားပါပြီ။

အဲဒီလူ ကားပေါ်တက် ထွက်ပြေးသွားတာကို မျက်မြင်တွေ့လိုက်သူတစ်ယောက်က ကားနံပတ်ကိုမှတ်ထားပြီး ရဲကိုအကြောင်းကြားခဲ့တာမို့ အခုလို အမြန်ဆုံးဖမ်းမိခဲ့တာလို့ ပြည်နယ်ရဲအရာရှိက ပြောပါတယ်။ 

သူ ထွက်ပြေးသွားခဲ့တဲ့ ခြုံပုတ်ထဲက အေကေ-၄၇ ပုံစံရိုင်ဖယ်တစ်လက်၊ ပစ်မှတ်ရှာမှန်ပြောင်း၊ ခြံစည်းရိုးမှာ ချိတ်ထားတဲ့ ကျောပိုးအိတ်နှစ်လုံးနဲ့ GoPro ကင်မရာ တစ်လုံးကို တွေ့ရှိသိမ်းဆည်းမိတယ်လို့ ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ (FBI) က ပြောပါတယ်။ 

သေနတ်သမားက ဘယ်သူ၊ ဘာရည်ရွယ်ချက်ရှိလဲဆိုတာတော့ မထုတ်ပြန်သေးပါဘူး။

မစ္စတာ ထရမ့်ဟာ ဇူလိုင် ၁၃ ရက်နေ့က ပင်ဆယ်လ်ဗေးနီးယားမှာ မဲဆွယ်ပွဲလုပ်နေတုန်း သေနတ်သမားက လှမ်းပစ်လို့ နားရွက်ကိုထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။ 

အခုဂေါက်ကွင်း ဖြစ်ရပ်ဖြစ်ခဲ့အပြီးမှာ ထရမ့်က သူ အန္တရာယ်ကင်းကြောင်းနဲ့ သူ့မဲဆွယ်လှုပ်ရှားမှုကို အရှိန်မပျက် ဆက်လုပ်သွားမှာ ဖြစ်တဲ့ အကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

ဒီဖြစ်စဥ်ကို ထောက်လှမ်းရေးအဖွဲ့တွေက သမ္မတဂျိုးဘိုင်ဒန်နဲ့ ဒုတိယသမ္မတလည်းဖြစ် ဒီနှစ်ရွေးကောက်ပွဲမှာ ထရမ့်နဲ့ ပြိုင်မယ့် ဒီမိုကရက်တစ်သမ္မတလောင်းလည်း ဖြစ်သူ ကာမလာဟဲရစ်ကိုလည်း သတင်းပို့ထားတယ်လို့ သိရပါတယ်။

Previous Post Next Post