မီးကို လက်နက်အဖြစ်သုံးပြီး ပြည်သူ့မြို့ရွာများကို
ရက်စက်စွာမီးရှို့သတ်ဖြတ်သည့် အာဏာသိမ်းစစ်တပ်၏
ရိုဟင်ဂျာဒုက္ခသည်များနေရပ်ပြန်ပို့ရေးအစီအစဥ် (သို့မဟုတ်)
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်
(ဆောင်းပါး)
မြန်မာစစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေကို ဖြုတ်ချခဲ့တာ (၂) နှစ်ကျော်လာခဲ့ပါပြီ။ အာဏာသိမ်းမှုတွင် ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့တော်လှန်ရေးများ ဦးဆောင်သည့် ပြင်းထန်သော အတိုက်အခံလှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် အာဏာသိမ်းစစ်တပ်သည် သဘောထားကွဲလွဲမှုများကို ချေမှုန်းရန်အတွက် လက်နက်မျိုးစုံအသုံးပြုကာ အင်အားသုံးဖြိုခွင်း တုံ့ပြန်လျက်ရှိသည်။ ခုခံတိုက်ခိုက်ရေးသမားများအတွက် ရိက္ခာဖြတ်တောက်ရန်နှင့် စိတ်ဓာတ်ကို ဖြိုခွင်းရန်အတွက် အာဏာသိမ်းစစ်တပ်သည် မြို့ရွာများကို အဆက်မပြတ် မီးရှို့နေသည်။
ယခုအခါ မြန်မာနိုင်ငံအနှံ့ ပြည်နယ်နှင့်တိုင်းများစွာတွင် အာဏာသိမ်းစစ်တပ်မှ နေ့စဥ်လိုလို အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းအပြင် နေ့ခင်းကြောင်တောင် စာသင်ကျောင်းများထဲ လေယာဥ်ဗုံးကြဲခြင်း၊ မြို့ရွာတွင်း လူနေအိမ်များကို မီးလောင်တိုက်သွင်းခြင်းတို့ကို ရက်စက်ကြမ်းကြုတ်ယုတ်မာစွာ လုပ်ဆောင်လျက်ရှိသည်။
၎င်းယုတ်မာညံ့ဖျင်းသည့် နည်းလမ်းသည် ယခု၌တင်မဟုတ်ဘဲ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့စဥ်ကလည်း စီမံချက်ဖြင့် စစ်တပ်မှပြုမူလုပ်ကြံခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ဂြိုလ်တုဓာတ်ပုံမှတ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် စစ်တပ်မှ ရိုဟင်ဂျာကျေးရွာပေါင်း ၃၀၀ ကျော် ၄၀၀ နီးပါး မီးရှို့ဖျက်စီးခဲ့သည်။ ထိုထဲတွင် ရွာပေါင်း ၁၀၀ ကျော်သည် လုံးလုံးလျားလျားကို ဘာမျှမကျန်အောင် မီးရှို့ဖျက်စီးခြင်းခံရသည်။ ထိုသို့ စီမံချက်ဖြင့် ရိုဟင်ဂျာမြို့ရွာများကို စစ်တပ်မှ လူမျိုးတုံးသတ်ဖြတ်ဖျက်စီးရန် အချိန်ကာလသည် လပိုင်းလောက်တာ ကြာမြှင့်သည်။
မီဒီယာများ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များ၏ စစ်တမ်းအချက်အလက်များအပေါ် အခြေခံ၍ စစ်တပ်၏လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ကျေးရွာများမီးရှို့ခြင်းထဲ၌ အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ ဦး သေဆုံးခဲ့ရပြီး ၎င်းတို့အနက် ၇၀၀ ကျော်မှာ ကလေးငယ်များဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (MSF) က ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းပြီး (၂) နှစ်ကျော်ကာလမှာ ပြည်သူ့တော်လှန်ရေးများကြောင့် မရှုမလှခံနေရသည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် နိုင်ငံတတကာ၏ အသိအမှတ်ပြုမှု စိုးစင်းမျှမရရှိသည့်အခါ နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံရေးထွက်ပေါက်ရရန် ကြံဆောင်နေသည်။
ထိုထဲတွင် ဘက်ပေါင်းစုံမှ အကျပ်အတည်းရင်ဆိုင်နေရပြီး အနာဂတ်မျှော်လင့်ချက်နည်းပါးလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များသည်လည်း ပစ်မှတ်တစ်ခု၊ နိုင်ငံတကာကို လှည့်စားဖို့ အသုံးပြုနိုင်သည့် ကစားကွက်တစ်ခုအဖြစ် အသုံးချရန် စစ်ကောင်စီက ဖန်တီးနေသည်။
အထက်ပါဖော်ပြခဲ့သည့်အတိုင်း ရိုဟင်ဂျာလူမျိုးများစွာ သတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူများ၏ နေအိမ်ကို မီးရှို့ခဲ့၊ မီးရှို့နေဆဲ စစ်ကောင်စီ၏ ဒုက္ခသည်နေရပ်ပြန်ပို့ရေး အစီအစဥ်သည် အသားစားကြူးသည့် ခြင်္သေ့ပါးစပ်ထဲ သမင်ပေါက်ငယ်လေးထည့်ပေးလိုက်သလို အထူးပူပန်စရာဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ဒုက္ခသည်များ နေရပ်ပြန်ပို့ဖို့ ပြောဆိုပြီးတိုင်း သတ်ဖြတ်မီးရှို့မှုတွေ ဆက်တိုက်ဆိုသလို နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်ခဲ့ဖူးသည့် အတိတ်ဆိုးများစွာရှိခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင်း၌လည်း ရိုဟင်ဂျာများသည် လူ့အခွင့်အရေးများဆုံးရှုံးလျက်ရှိနေပြီး လွတ်လပ်စွာ ခရီးသွားလာခွင့်မရှိ၊ လူ့မှုနယ်ပယ်၌ ခွဲခြားဆက်ဆံခံရ၍ အများပြည်သူသုံး ဝန်ဆောင်မှုများတွင်လည်း ဟန့်တားပိတ်ပင်ထားခံရပြီး အခြားလူမျိုးတွေထက်တဆင့် နှိမ့်နေသလို စစ်တပ်က ဖိနှိပ်နေသည်။ ရိုဟင်ဂျာများအပေါ် နိုင်ငံသားအထူးဥပဒေဖြင့်လည်း ပစ်မှတ်ထားပြီး နေ့စဥ်လိုလို နှိပ်ကွပ်ဖမ်းဆီးထောင်ချခြင်းမျိုးလည်း မနည်းမနော ဖြစ်ပေါ်လျက်ရှိသည်။
ထိုကြောင့် ရိုဟင်ဂျာဒုက္ခသည်များ အယောက်တစ်ထောင်ဖြစ်စေ၊ တစ်ရာဖြစ်စေ၊ တစ်ယောက်ပင်ဖြစ်စေကာမူ လုံခြုံစိတ်ချဖွယ် ဘာကတိကဝတ်မှမရှိ၊ ရှိလည်း မမြဲသည့် လူသတ်စစ်အုပ်စု၏ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် နေရပ်ပြန်ပို့သည့် အစီအစဥ်ထဲ ထည့်ဝင်လိုက်ပါစေဖို့ အထူးစိုးရိမ်ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။