ကုန်ကြမ်းပစ္စည်း ဈေးတက်မှုနဲ့ ပြတ်လပ်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြန့်ကြာမှု ဖြစ်နေ
နိုဝင်ဘာ ၂ - ၂၀၂၃
Hanifi khobor
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ဈေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှု လျော့နည်းနေတဲ့အတွက် လက်ရှိမှာ ဈေးနှုန်း အဆမတန် မြင့်တက်နေသလို ဝယ်ယူလို့မရတဲ့ အခက်အခဲတွေလည်း ဖြစ်ပေါ်နေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးမြောက်ချိန် ကြန့်ကြာနေရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပွင့်လင်းရာသီ ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ လက်ရှိမှာ ပြန်လည် လည်ပတ်နေပြီဖြစ်ပေမယ့် ဆောက်လုပ်နိုင်တဲ့ ပမာဏကတော့ အရင်ကထက် လျော့နည်းနေဆဲဖြစ်သလို ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အခက်အခဲကြောင့် ပြီးစီးမယ့်အချိန်ဟာလည်း သတ်မှတ်ချိန်ထက် ပိုမို ကြာမြင့်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေက ငွေကြေးဖောင်းမှုအပေါ် လိုက်ပြီး ဈေးတက်လာတာ။ အခုက အဆောက်အအုံ တလုံးဆောက်ဖို့ နှစ်နှစ်လောက်နဲ့ ပြီးချင်မှ ပြီးတယ်။ ဆိုင်မှာ ကိုယ်လိုချင်တဲ့ ပစ္စည်း size က မရှိလို့ စောင့်နေရတာတွေလည်း ရှိတယ်။ အဲ့တော့ အဆောက်အအုံ တလုံးက သူ့သတ်မှတ်ထားတဲ့အချိန် ပြီးစီးဖို့ဆိုတာက အခုအချိန်က မှန်းလို့မရဘူးဖြစ်နေတယ်” လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေက တင်သွင်းနေခြင်းဖြစ်ပြီး လက်ရှိမှာ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်ကထက် ဈေးနှစ်ဆကျော် မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ တည်ဆောက်ရေးမှာ အဓိက အသုံးပြုနေရတဲ့ လုပ်ငန်းသုံးသံချောင်း တတန်ဈေးဟာ တတန် ကျပ် ၁၈ သိန်းကျော်အထိ မြင့်တက်လာသလို ဘိလပ်မြေဈေးဟာလည်း တအိတ်ကို တသောင်းကျော်လောက် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
အဲ့ဒီ့လို ပြည်ပမှ တင်သွင်းနေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေသာမက ပြည်တွင်းမှာထုတ်လုပ်တဲ့ အုတ်၊ သဲ၊ ကျောက် ဈေးနှုန်းတွေလည်း နေ့စဉ်နဲ့အမျှ ဈေးနှုန်း မြင့်တက်မှု ဖြစ်ပေါ်နေပြီး သဲတကျင်းကို ခြောက်သောင်းကျပ်ဝန်းကျင်၊ ကျောက်တကျင်းကို တသိန်းသုံးသောင်းကျပ်ဝန်းကျင်နဲ့ အုတ်တလုံးကို ၂၅၀ ကျပ်ဝန်းကျင် ဖြစ်ပေါ်လျက်ရှိကာ ဒီဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွဲလွဲမှုရှိနိုင်တယ်လို့ သိရပါတယ်။
“သံချောင်းနဲ့ ဘိလပ်မြေတင် မဟုတ်ပါဘူး။ အခြားဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေလည်း အကုန်ဈေးတက်နေတယ်။ လမ်းမှာ တိုက်ပွဲအခြေနေတွေကြောင့် တင်သွင်းလို့မရတာရယ်၊ အစိုးရမူဝါဒ သတ်မှတ်ချက်တွေကြောင့် လိုသလောက်မှာလို့ မရတာအပြင် ဈေးတွေကတက်လာတော့ လုပ်ငန်းက ကြန့်ကြာနေတာရှိသလို၊ တချို့ လုပ်ငန်းတွေကလည်း ရပ်နားထားရတဲ့သဘောပေါ့။ ဘဏ်စနစ်တွေကြောင့်လည်း လုပ်ငန်းလုပ်ရတဲ့အပိုင်းမှာ အခက်ခဲတွေရှိနေတယ်” လို့ နောက်ထပ် ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ပြည်ပမှ တင်သွင်းနေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို လက်ရှိမှာ နစက က နိုင်ငံခြားငွေကြေး ထိန်းချုပ်တဲ့အနေနဲ့ တင်သွင်းခွင့်ပါမစ်တွေကို အနည်းငယ်သာ ခွင့်ပြုပေးနေတာဖြစ်ပြီး အဲ့ဒီ့လို ခွင့်ပြုပေးထားတဲ့ ပမာဏဟာလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင် သုံး၊ လေးယောက်အတွက်မျှသာ ဖြစ်တယ်လို့ သိရပါတယ်။
ကုန်ပစ္စည်းဈေးနှုန်းတွေဟာ တက်ပြီးရင် ဈေးပြန်ကျမှု နည်းပါးတာကြောင့် တချို့ တင်ဒါလုပ်ကိုင်တဲ့သူတွေဟာ အောင်မြင်ထားတဲ့ တင်ဒါ ငွေကြေးပမာဏနဲ့ တက်လာတဲ့ ကုန်ဈေးနှုန်း မညီမျှတဲ့အခါ အခက်အခဲတွေဖြစ်ပေါ်ပြီး လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရပ်တန့်ထားရခြင်း၊ ထွက်ပြေးခြင်းတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
အဲ့ဒီ့လို အလုပ်အကိုင် အခွင့်အလမ်းအများ ဆုံးဖန်တီးပေးနိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်ဆိုင်းတာ၊ ကြန့်ကြာနေတာတွေကြောင့် လက်ရှိမှာ အခြေခံလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်နေရပြီး စားဝတ်နေရေးအခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
“ကိုဗစ်ပြီးတော့ နိုင်ငံရေးကြောင့်အလုပ်အကိုင်တွေက အရင်လို မကောင်းတော့ဘူး။ နားနေရတာများတယ်။ အခြေခံလုပ်သားဖြစ်တဲ့အတွက် အပိုစုဆောင်းထားတာ မရှိပါဘူး။ ဒီလိုပဲ ကြုံရာကျပမ်းလုပ်ကိုင်ပြီး နေနေရတာပဲ။ ကုန်ဈေးနှုန်းတွေကလည်း တက်ပြီးရင်းတက်နေတာဆိုတော့ အခက်အခဲတွေကတော့ အများကြီးပဲ” လို့ ဆောက်လုပ်ရေးလုပ်သားတဦးက ပြောပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့် ရုန်းကန်နေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာ လက်ရှိမှာ ရပ်တန့်လုနီးပါးဖြစ်နေတယ်လို့ သိရပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာလည်း အခြေအနေ ပြန်ကောင်းလာနိုင်ခြေ မရှိနိုင်သေးဘူးလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
Photo: Crd