ဘူးသီးတောင်မြို့နယ်တွင် တစ်ဖက်နိုင်ငံမှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော ဘင်္ဂါလီ ၄ ဦး ဖမ်းဆီးရမိ


 ဘူးသီးတောင်မြို့နယ်တွင် တစ်ဖက်နိုင်ငံမှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော ဘင်္ဂါလီ ၄ ဦး ဖမ်းဆီးရမိ

=================
မတ် ၁၉၊ ရခိုင်နေ့စဉ်

ဘူးသီးတောင်မြို့ ဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်ဝင်/ထွက်များစစ်ဆေးနေစဉ် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က မေယုလမ်းမအတိုင်း မြို့ထဲသို့ လမ်းလျှောက်လာသည့် မသင်္ကာဖွယ်ဘင်္ဂါလီ ၄ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ အာမ်ဖီယာစ်(၃၁)နှစ်၊ (ဘ)ဆာလေအာမတ်နှင့် ၎င်း၏ ဇနီးဖြစ်သူ အာဆီယာဘီဘီ(၂၆)နှစ်၊ (ဘ)နူရ်မာမတ်၊ သားဖြစ်သူ ဆော်မိရ် (၄)နှစ်၊ သမီးဖြစ်သူ ဆူမိုင်ရာအာဖ်တာရ် (၂)နှစ်တို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလူခါလီဒုက္ခသည်စခန်း၌ နေထိုင်သူများဖြစ်သည်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါဒုက္ခသည်စခန်း၌ နေထိုင်စဉ် စားဝတ်နေရေး အဆင်မပြေမှုကြောင့် မတ်လ ၁၅ ရက်နေ့တွင် ထွက်ခွာလာပြီး တောင်ပြိုလက်ဝဲအနီး နယ်စပ်ခြံစည်းရိုးအောက်ခြေမှ တိုးဝင်၍ ဘူးသီးတောင်မြို့ရှိ ဆွေမျိုးများထံသို့ လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိဘင်္ဂါလီ ၄ ဦးအနက် ကလေးငယ် ၂ ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ၎င်းတို့၏ဆွေမျိုးများထံ အပ်နှံသွားမည်ဖြစ်ပြီး အာမ်ဖီယာစ်နှင့် အာဆီယာဘီဘီတို့ ၂ ဦးအား တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လဝကအက်ဥပဒေပုဒ်မဖြင့်  အမှုဖွင်အရေးယူသွားမည်ဟု သိရှိရသည်။
Previous Post Next Post