စစ်တပ်နှင့်ပျူစောထီးများ ဝင်ရောက်စီးနင်းနေမှုကြောင့် ခင်ဦးမြို့နယ်မှာဒေသခံ ၉ ထောင်ခန့် စစ်ဘေးရှောင်နေရ

စစ်တပ်နှင့်ပျူစောထီးများ ဝင်ရောက်စီးနင်းနေမှုကြောင့် ခင်ဦးမြို့နယ်မှာဒေသခံ ၉ ထောင်ခန့် စစ်ဘေးရှောင်နေရ


မတ်လ ၁၈၊ ၂၀၂၃


စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများပူပေါင်းပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ရွာများကို ဝင်ရောက်စီးနင်း‌‌နေကြ‌သောကြောင့် ရွာ ၈ ရွာမှ လူဦးရေ ၉ ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။


ယမန်နေ့နံနက်က အင်အား ၅၀ ခန့်ပါသော စစ်ကောင်စီလက်အောက်ခံအဖွဲ့သည် ချမ်းသာကုန်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာ၍ ဒေသခံများ ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း သိရသည်။


ယခုဝင်ရောက်လာသောအဖွဲ့၏ တပ်ရင်းတပ်မကို အတည်မပြုနိုင်‌ပေမယ့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရွာသစ်ကုန်းရွာမှ ပျူစောထီးအဖွဲ့ဝင်များ ပါဝင်နေကြောင်း၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကျီးအိုင်၊ သဲကုန်းကြီး၊ မရမ်းအင်း၊ ကုန်းသာ စသည့် ရွာ ၈ ရွာက ပြည်သူများ ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက ကျေးရွာ ၆၆ရွာမှ နေအိမ်ပေါင်း ၄ ထောင် ကျော်ကို မီးရှို့ဖျက်ဆီးထားပြီး၊ သေဆုံးသူဦးရေမှာ ဒေသခံပြည်သူနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၅၀ ဦးရှိပြီဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန် ကြားရေးမှ သိရသည်။ 


ဓာတ်ပုံ- CJ

 

Previous Post Next Post