မောင်တောခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲတွေနဲ့ ရွာတွေမီးရှို့ခံရမှုကြောင့် အသက်လုထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ စားနပ်ရိက္ခာအပါ မိုးနဲ့နေဒဏ်ကိုပါ အလူးအလိမ့်ခံနေရ
မေ ၂၈ ရက်၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ပြီးခဲ့တဲ့ လခဲ့ကပင် နှစ်ဖက်တိုက်ပွဲတွေနဲ့ ရွာတွေမီးရှို့ခံရမှုကြောင့် လက်ဗလာနဲ့ အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်အောင် ထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။
ဘူးသီးတောင်မြို့ရှိ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇ နဲ့ တခြားကျေးရွာတွေမှာနေထိုင်တဲ့ ရိုဟင်ဂျာအားလုံးဟာ မေလ ၁၇ ရက်နေ့ ညအချိန်မှာ သတိပေးခြင်းမရှိဘဲ မီးရှို့ခံခဲ့ရတဲ့အတွက် အသက်ဘေးအန္တရာယ်ကနေလွတ်မြောက်အောင် ထွက်ပြေးခဲ့ရပြီး ရပ်ကွက် (၅) မှာနေသူတချို့မှာ ကျန်ရှိခဲ့ပါသေးတယ်။
မောင်တောမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲတွေနဲ့ နေအိမ်တချို့ မီးရှို့ခံရမှုကြောင့် သရက်အုပ်၊ ပေါင်းဇား၊ လှဘော်ဇား၊ ဖားဝမ်းချောင်း၊ ညောင်းချောင်း၊ ပန်းတောပြင်၊ ၄ မိုင် ရပ်ကွက်၊ လသာရပ်ကွက်က ဂုံးနားရွာနဲ့ မြို့ဦးရပ်ကွက်က ဇူလာရွာ ၊ ဟော်ရီတူလာရွာ၊ ဇင်တူလာရွာ စတဲ့ရွာတွေမှ သန်းနဲ့ချီ ရိုဟင်ဂျာတွေ
အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်အောင် မြို့ပေါ်ရပ်ကွက်တွေသို့ ထွက်ပြေးခဲ့ရသည်။
အဆိုပါမီးရှို့ခံရမှုကြောင့် အသက်လုထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ မိမိတို့နေအိမ်ကနေ စားစရာ၊ နေစရာ၊ တစ်စုံတစ်ရာကိုမှ အတူသယ်ဆောင်သွားနိုင်ခြင်းမရှိတဲ့အတွက် ရောက်ရှိတဲ့နေရာတွေမှာလည်း စားနပ်ရိက္ခာအခက်အခဲအပါအဝင် မိုးရာသီဒဏ်နဲ့ နေပူဒဏ်ကိုပါ အလူးအလိမ့်ခံနေရတယ်လို့ သိရပါတယ်။
ယခုအချိန်ဟာ မိုးရာသီဖြစ်တဲ့အလျောက် အသက်လုထွက်ပြေးလာခဲ့ရတဲ့ ရိုဟင်ဂျာတွေကို နယ်ဘက်ရှိဒေသခံရိုဟင်ဂျာတွေက နေပူဒဏ်၊ မိုးဒဏ်ခံနိုင်ဖို့ အမိုးအကာ၊ နေစရာအပါအဝင် စားစရာတွေကို ဝိုင်းဝန်းကူညီထောက်ပံ့ပေးပေမယ့်လည်း လုံလောက်မှုမရှိဖြစ်နေပြီး အပြည့်အဝထောက်ပံ့ကူညီပေးနိုင်မှုမရှိဖြစ်နေတယ်လို့ သိရပါတယ်။
"အခုမိုးရာသီရောက်ပြီ။ အိမ်ထဲမှာဆိုရင်လည်း တချို့ဆို ၃ မိသားစု တချို့ဆို ၇ မိသားစုထားထားတာတောင်ရှိပါတယ်။ ဒါတောင် အပြင်မှာနေရသူတွေများနေပါတယ်။ အမိုးအကာလည်းပေးဖို့မရတော့ပါ။ နေပူဒဏ်လည်းခံရသေးတယ်။ သူတို့က လက်ဗလာနဲ့သာလာတော့ ရွာခံတွေကလည်း ကိုယ်တွေ ကိုယ်တိုင်သုံးစွဲဖို့မရှိသည့်အချိန် အားလုံးကိုဖြည့်ဆည်းပေးဖို့ကလည်း မဖြစ်နိုင်တာပါ။ ထွက်ပြေးလာရတဲ့သူတွေရော ရွာခံတွေကပါ အခက်အခဲပေါင်းမျိုးစုံနဲ့ ရင်ဆိုင်နေရတာကို ပြောပြလို့တောင်ဘယ်ပြီးမလဲ” ဆိုပြီး ဘူးသီးတောင်မြို့နယ်ခံတစ်ဦးက ပြောဆိုထားပါတယ်။
မိုးရာသီရောက်ခါစအချိန်ဖြစ်နေတာကြောင့်အသက်လု ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဟာ မိုးရေဒဏ်ကို ခံနေရတဲ့အပြင် စားစရာတွေလည်း ပြတ်လတ်နေတာကြောင့် အခြေအနေတော်တော်ဆိုးရွားနေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာနယ်မြေတွေမှာ ခိုလှုံနေရှိတဲ့ စစ်ဘေးရှောင် (၅) သိန်းကျော်အတွက် မိုးရာသီကာလ စားသောက်နေထိုင်ရေးအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးကြဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ စေတနာရှင်အဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေနဲ့ စေတနာအလှူရှင်တွေကို အားကိုးစွာ တိုက်တွန်းနှိုးဆော်တယ်လို့လည်း အာရက္ခတပ်တော် (AA)ကလည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။