အမ်းမြို့တွင် ချင်းအမျိုးသား (၁၀၀)ကျော်ကို စစ်မှုထမ်းရန် ဖိအားပေးနေ
———————————————————
အကြမ်းဖက် စစ်ကောင်စီက ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ရွာ ၁၀ ရွာမှ ချင်းတိုင်းရင်းသား (၁၀၀) ကျော်ကို စစ်တပ်သို့ ဝင်ရောက်ရန် ဖိအားပေးလျက်ရှိသည်။
မင်းဘူး-အမ်း ကားလမ်းတလျှောက်ရှိ ချင်းကျေးရွာများသို့ စစ်ကောင်စီ တပ်သားများ လာရောက်၍ စစ်မှုထမ်းခြင်းဥပဒေဖြင့် စာရင်းသွင်းရန် ဒေသခံများအား ဖေဖော်ဝါရီလတွင် စတင်အကြောင်းကြားခဲ့သည်။ စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့်လည်း ဖိအားများ ပေးလျက်ရှိသည်။
“စစ်ကောင်စီ စစ်သားများ ငါတို့ကို စစ်မှုထမ်းဖို့ ခေါ်ရန် နှစ်ကြိမ်တောင်လာခဲ့ပြီ။ ဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်နေပြီဆိုတော့ ရွာသားအများအပြား စစ်ဘေးရှောင် ထွက်ပြေးကြတယ်။ ရွာထဲမှာ ကျန်နေတဲ့လူတွေ စကစနဲ့ ပူးပေါင်းရမယ်လို့ သူတို့ပြောတယ်”ဟု အမ်းမြို့ခံတဦးက ပြောသည်။
အမ်းမြို့နယ်တွင် စကစနှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲများကြောင့် ဒေသခံ အများအပြား ထွက်ပြေး တိမ်းရှောင်နေရသည်။
“သူတို့ဆီ ဆင့်ခေါ်စာတွေ ပို့ထားတယ်လို့ ကြားတယ်။ ဒါပေမယ့် စာရင်းသွင်းခံဖို့ ဘယ်သူမှ သတင်းမပေးသေးဘူး” ဟု အမ်းမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်သာ တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် စစ်အာဏာရှင် အစိုးရက အမျိုးသား စစ်မှုထမ်း ဥပဒေကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့သည်။
“စစ်အစိုးရက ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လူတွေကို အတင်းအဓမ္မ စစ်မှုထမ်းစေတယ်ဆိုတဲ့ အစီရင်ခံစာတွေကို တွေ့ခဲ့ရပါတယ်။ ဒေသခံတွေက သေနတ်တွေကို ဖီဆန်လို့မရဘူး။ ပြေးစရာနေရာလဲ မရှိဘူး” ဟု ချင်းလူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များတွင် နေထိုင်သူများကို အတင်းအဓမ္မ စစ်သားစုဆောင်းနေသဖြင့် လူငယ်အများအပြား စစ်မှုးထမ်းခြင်း ရှောင်ရန် ထွက်ပြေးလာကြရသည်။