-->

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ကူညီဖို့ BROUK အဖွဲ့ တောင်းဆို

 


ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ကူညီဖို့ BROUK အဖွဲ့ တောင်းဆို


ရခိုင်ပြည်နယ်မြောက်ပိုင်းက ရခိုင့်တပ်တော် (AA) ထိန်းချုပ်နယ်မြေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတစ်ဆင့် အကူအညီတွေပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK)က မေလ ၃ဝ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။


ရခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည်အသစ် နှစ်သိန်းနီးပါး ရှိလာပြီး အဲဒီအထဲက လေးထောင်နီးပါးဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။


တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ်ထဲက ရိုဟင်ဂျာတွေကို AA က မေလ ၁၇ ရက်နေ့မှာ နှင်ထုတ်ခဲ့တာကြောင့် လူသားချင်းစာနာမှုအကျပ်အတည်း ဖြစ်စေခဲ့တယ်လို့လည်း ပြောပါတယ်။ ရခိုင့်တပ်တော် (AA) ရဲ့ မေ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိကြောင်းနဲ့ လူမျိုးဘာသာမရွေး ကူညီကယ်ဆယ်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိ ဘူးသီးတောင်မြို့နယ်မှာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရှိနေပြီး အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ နေစရာ၊ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


ဒီဒုက္ခသည်တွေက နိုင်ငံတကာရဲ့အကူအညီတွေသာ မရရင် မကြာခင် အငတ်ဘေးနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖွင့်ပေးပြီး အကူအညီတွေ ပို့ခွင့်ပေးဖို့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က တောင်းဆိုထားပါတယ်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားပြီး အဲဒီကနေတစ်ဆင့် လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်အောင် စင်္ကြံတစ်ခုဖြစ်လာရေး ဆွေးနွေးသင့်တယ်လို့လည်း တိုက်တွန်းပါတယ်။


စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်ကို ဝင်ထွက်သွားလာခွင့်တွေ ပိတ်ပင်ထားတာကြောင့် ပြည်တွင်းက အကူအညီပေးရေးအဖွဲ့တွေ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်ကူညီခွင့်မရဘဲ ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။


လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ ရက္ခိုင့်တပ်တော် (AA)ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို AA က အကူအညီအလုံအလောက်မပေးနိုင်တာကြောင့် နိုင်ငံတကာကို အကူအညီတောင်းခံထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။


ဒါကြောင့် နိုင်ငံတကာက အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ အခုအချိန်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် အကူအညီလိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ စင်္ကြံတစ်ခုဖြစ်လာရေး ညှိနှိုင်းပေးရမဲ့ အချိန် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Previous Post Next Post