ပေါက်တောမြို့မ ရဲစခန်းနှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို ရက္ခိုင့်တပ်တော် AA မှ တိုက်ခိုက်သိမ်းပိုက်

 

ပေါက်တောမြို့မ ရဲစခန်းနှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို ရက္ခိုင့်တပ်တော် AA မှ တိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာ ၁၆ ၊ RF

ရက္ခိုင့်တပ်တော် AA အနေနဲ့ နိုဝင်ဘာလ ၁၆ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးများအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်တဲ့အကြောင်း ကနဦး သတင်းတွေအရ သိရှိရပါတယ်။ 

ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် AAက ယမန်နေ့ညပိုင်းမှာ ပိတ်ဆို့ထားပြီး သေနတ်ပစ်ဖောက်ကာ အလင်းဝင်ဖို့ပြောဆိုခဲ့ရာ မြို့မရဲတပ်ဖွဲ့တစ်ခုလုံး လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

ရက္ခိုင့်တပ်တော် AA အနေနဲ့ ပေါက်တောမြို့မရဲစခန်းကို ယမန်နေ့ညပိုင်းက သိမ်းပိုက်ခဲ့မှုအပြီး ယနေ့ မနက်ပိုင်းမှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးများအားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီအနေနဲ့ ပေါက်တောမြို့ကို ဒီကနေ့မနက် ၁၀ နာရီအချိန်ခန့်မှာ ရဟတ်ယာဉ်များအသုံးပြုပြီး လာရောက်ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ရက္ခိုင်ဒေသမှာ စစ်ပွဲစတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ရဲစခန်း၊ စခန်းပေါင်း ၄၀ ကျော်ကို စွန့်လွှတ်ထားခဲ့ရပြီး နီးစပ်ရာ စစ်ကောင်စီရဲ့ စစ်စခန်းများမှာ သွားရောက်ပူးပေါင်းသွားကြတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အလားတူ ရဲစခန်း ၃ ခုကို တစ်ခုအဖြစ် သွားရောက် ပူးပေါင်းမှုတွေရှိနေတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 ရက္ခိုင့်တပ်တော် AA အနေနဲ့ လက်နက်ချအညံ့မခံတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း အသိပေးထားပါတယ်။ 

&

Photo: Social Media

Previous Post Next Post